ကျောက်ကပ်မှာ ဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
ကိုယ်တွင်းက pH ပမာဏ၊ ဆား၊ ပိုတက်ဆီယမ် နဲ့ အခြားသော ဓာတ်တွေကို ထိန်းညှိဖို့ အရေးပါတဲ့ အစိတ်အပိုင်းလေး တစ်ခုကတော့ ကျောက်ကပ်ပါ။ အမျိုးမျိုးသော ရောဂါတွေ၊ နေထိုင်စားသောက်မှု အလေ့အထတွေနဲ့ မျိုးဗီဇတွေက ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။
ကျောက်ကပ်မှာ ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကို သိရှိကာကွယ်နိုင်ဖို့ ဆောင်းပါးလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။
ကျောက်ကပ် အရေးပါသလား?
ကျောက်ကပ်ဆိုတာက အစုံလိုက်ရှိတဲ့ အင်္ဂါ အစိတ်အပိုင်းလေးပါ။ ပဲစေ့ပုံစံ ရှိပြီး လက်သီးဆုပ်အရွယ် အစိတ်အပိုင်းလေးပါ။ ကျောရိုးရဲ့ တစ်ဖက်တစ်ချက် နံရိုးရဲ့ အောက်ဖက်နားမှာ ရှိပါတယ်။
ခန္ဓာကိုယ် ကျန်းမာရေးအတွက် အရေးပါတဲ့ အင်္ဂါလေးပါ။ အဓိက တာဝန်က ကိုယ်တွင်းက ပိုလျှံနေတဲ့ ရေတွေနဲ့ အညစ်အကြေးတွေကို စစ်ထုတ်ပြီး ခန္ဓာကိုယ်ပြင်ပကို ဆီးအဖြစ် စွန့်ထုတ်ခြင်းဖြင့် သွေးကို သန့်ပေးတာပါ။ အဆိပ်အတောက်တွေကို ဆီးအိမ်ထဲမှာ စုထားပြီး ဆီးအဖြစ် စွန့်ထုတ်ပေးပါတယ်။
ကျောက်ကပ်က အပေါ်မှာ ပြောခဲ့သလို ကိုယ်တွင်းက pH ပမာဏ၊ ဆားဓာတ်နဲ့ ပိုတက်ဆီယမ် ပမာဏကို ထိန်းညှိပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကကို ထုတ်လုပ်ပေးသလို သွေးနီဥဆဲလ်တွေ ထွက်ရှိစေဖို့လည်း ထိန်းညှိပေးပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူရာမှာ ထောက်ကူပေးတဲ့ ဗီတာမင် ဒီကိုလည်း လုပ်ဆောင်ပေးပါသေးတယ်။
ကျောက်ကပ်ရောဂါက အဖြစ်များလာတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ကျောက်ကပ်မှာ ရောဂါရလာပြီ ထိခိုက်လာပြီဆိုရင်တော့ ကျောက်ကပ်က သူရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဆီးချို၊ သွေးတိုး နဲ့ နာတာရှည် ကျန်းမာရေးပြဿနာတွေက ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။
ကျောက်ကပ်ရောဂါက အရိုးတွေ အားနည်းတာ၊ အာရုံကြောတွေ ပျက်စီးတာ နဲ့ အာဟာရ ချို့တဲ့တာတွေကို ဖြစ်စေနိုင်ပါတယ်။
ကျောက်ကပ်မှာ ရောဂါခံစားရပြီဆိုရင် အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာမှာပါ။ နောက်ဆုံးမှာ ကျောက်ကပ်က အလုပ် လုံးဝမလုပ်တော့တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ ကျောက်ကပ်ဆေးတာ ကျောက်ကပ် အစားထိုးတာတွေကို လုပ်ဆောင်ဖို့ လိုအပ်လာမှာပါ။
ကျောက်ကပ်မှာ ဘာတွေ ဖြစ်နိုင်လဲ?
ကျောက်ကပ်မှာ အခုလို ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
နာတာရှည် ကျောက်ကပ်ထိခိုက်တာ
အဖြစ်များတဲ့ ကျောက်ကပ်ပြဿနာ တစ်ခုပါ။ နာတာရှည် ပြဿနာ ဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးလာမှာပါ။ သွေးတိုးတာကြောင့် အဖြစ်များပါတယ်။
သွေးတိုးတာက ကျောက်ကပ်ကို အန္တရာယ်ရှိစေနိုင်ပါတယ်။ သွေးတိုးတာက ဖိအားတက်စေပြီး ကျောက်ကပ်ထဲက သွေးတွေကို သန့်စင်ပေးတဲ့ သွေးကြောလေးတွေကို ပျက်စီးစေပါတယ်။ အချိန်ကြာလာတဲ့အခါမှာတော့ သွေးကြောတွေ ပျက်စီးသွားနိုင်ပါတယ်။ ဒီလိုနဲ့ ကျောက်ကပ် စွမ်းဆောင်ရည်တွေ ကျဆင်းလာမှာပါ။
ဆီးချိုကြောင့်လည်း နာတာရှည် ကျောက်ကပ်ထိခိုက်တာကို ခံစားရနိုင်ပါတယ်။
ဆီးကျောက်တည်တာ
ဆီးကျောက်တည်ကလည်း နောက်ထပ် အဖြစ်များတဲ့ ကျောက်ကပ်ရောဂါ တစ်ခုပါ။ သွေးထဲက သတ္တုဓာတ်တွေနဲ့ အခြားသော အရာတွေ ကျောက်ကပ်မှာ စုပုံပြီး အစိုင်အခဲတွေ ဖြစ်သွားတာပါ။ ဆီးကနေတဆင့် ပြင်ပကို ထွက်လာနိုင်ပေမယ့် ဆီးကျောက်က ဆီးလမ်းကြောင်းကနေ ပြင်ပကို ထွက်ချိန်မှာ အတော်လေး နာကျင်ပါတယ်။
ကျောက်ကပ်ထဲက သွေးကြောလေးတွေ ရောင်ရမ်းတာ
ကျောက်ကပ်ထဲက သွေးတွေကို စစ်ထုတ်ပေးနေတဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေဖြစ်တဲ့ သွေးကြောတွေ ရောင်ရမ်းတာပါ။ ပိုးဝင်ကူးစက်တာကြောင့် ဖြစ်နိုင်သလို ဆေးဝါးတွေနဲ့ ကလေးမွေးဖွားနေချိန်နဲ့ မီးဖွားပြီးချိန် ကာလတိုအတွင်းမှာ တွေ့ရနိုင်ပြီး သူ့အလိုလို သက်သာသွားတတ်ပါတယ်။
ကျောက်ကပ် အရည်အိတ်ဖြစ်တာ
ကျောက်ကပ် အရည်အိတ်တည်တာက မျိုးရိုးလိုက်တဲ့ ကျန်းမာရေးပြဿနာပါ။ ကျောက်ကပ်ထဲမှြ ရေအိတ်လေးတွေ အများကြီး ဖြစ်စေနိုင်ပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို အဟန့်အတားဖြစ်စေနိုင်သလို ရေရှည်မှာ ကျောက်ကပ် ပျက်စီးနိုင်ပါတယ်။
ဆီးလမ်းကြောင်း ပိုးဝင်တာ
ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာက ဆီးလမ်းကြောင်း တလျှောက်မှာ ဘက်တီးရီးယား ဝင်ရောက်ကူးစက်တာ ပါ။ များသောအားဖြင့် ဆီးအိမ်နဲ့ ဆီးစွန့်ပြွန်မှာ ဖြစ်တတ်ပေမယ့် မကုသဘဲ ထားမယ်ဆိုရင် ကျောက်ကပ်ဆီ ပြန့်သွားပြီး ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။
မွန်မွန်